အောင်မြင်ချင်ရင် ငြင်းပယ်တတ်ဖို့ အားမနာပါနဲ့

အောင်မြင်ချင်ရင် ငြင်းပယ်တတ်ဖို့ အားမနာပါနဲ့

အားနာတယ်ဆိုတာ စာနာစိတ်ရဲ့နောက်ကွယ်မှာ ဆုံးဖြတ်ချက်မပြတ်သားတာလေး ကပ်ပါလာတာပါ။ အားမနာသင့်တာကို အားနာခဲ့လို့လည်း ပျက်စီးဆုံးရှုံးခဲ့ရတဲ့သူများစွာ ရှိခဲ့ဖူးပါတယ်။ အားနာတတ်တာကို အခွင့်ကောင်းယူပြီးတော့ အမြတ်ထုတ်ချင်တဲ့ အချောင်သမားတွေကလည်း ဒုနဲ့ဒေး။ အဲဒီတော့ အားမနာသင့်တဲ့အရာတွေကို ပြတ်ပြတ်သားသားငြင်းပယ်ပြီး အချောင်သမားတွေကို အနိုင်ယူသင့်ပါတယ်။ ကဲ . . ဘဝမှာ အောင်မြင်ချင်ရင် ဘယ်လိုကိစ္စတွေကို အားမနာတမ်း ပြတ်ပြတ်သားသားငြင်းပယ်သင့်တာလဲ။

၁။ အချစ်ရေး

မိန်းကလေးတွေအနေနဲ့လည်း အချစ်ရေးမှာ အားမနာသင့်ပါဘူး။ တစ်ခါတည်းပါဆိုပြီး တောင်းဆိုလို့ အားနာပြီးလိုက်လျောမိလို့ ဒူးနဲ့မျက်ရည်သုတ်နေရတဲ့မိန်းကလေးတွေလည်း အများသား။ အားနာရင် ခါးပါတတ်တဲ့သဘောပါ။ လူကြီးမိဘ သဘောတူထားတဲ့လူကို ကိုယ့်ရင်ထဲက တကယ်မချစ်ဘူး၊ ဒါပေမယ့် အပြစ်ပြောစရာမရှိတဲ့အတွက် ငြင်းပယ်ရမှာ အားနာလို့ လက်ခံလိုက်တဲ့မိန်းကလေးတွေဆိုတာလည်း မြန်မာပြည်မှာ ပေါမှပေါ။ အဲဒီတော့ အချစ်ရေးမှာ ဘာကိုမှ မငဲ့ကွက် အားမနာဘဲနဲ့ ပြတ်ပြတ်သားသားငြင်းပယ်တတ်ပါစေ။

၂။ လူမှုရေး

သူငယ်ချင်းက အကြောင်းအရာတစ်ခုကို အာပေါင်အာရင်းသန်သန် စိတ်ပါလက်ပါ ပြောနေတဲ့အချိန်မှာ ကိုယ်အနေနဲ့ အာရုံမလာပေမယ့် စိတ်ဝင်စားဟန် ခေါင်းညိတ်တတ်တဲ့အကျင့်ကလည်း ယာယီပဲ အဆင်ပြေပေမယ့် ရေရှည်မှာ အဆင်မပြေပါဘူး။ စိတ်မဝင်စားတဲ့အကြောင်းအရာကို သည်းခံနားထောင်နေတာက အချိန်ဖြုန်းတာနဲ့အတူတူပါပဲ။ “ဟာ . . သူငယ်ချင်း တနင်္ဂနွေနေ့မှာ ကားအသစ်တင်တယ် သွားကြည့်ရအောင်” ဆိုပြီး အဖော်ညှိတဲ့အချိန်မှာ ကိုယ့်အနေနဲ့ အားနာစိတ်နဲ့ လိုက်လျောပေးတာမျိုး မဖြစ်ပါစေနဲ့။

၃။ စီးပွားရေး

စီးပွားရေးလုပ်ငန်းခွင်မှာ အားနာစိတ်က အောင်မြင်တော့မယ့် အနာဂတ်ကို ဖျက်ဆီးတတ်ပါတယ်။ ပြိုင်ဘက်ကို အားနာနေမယ်ဆိုရင် ပြိုင်ဘက်ကို ကိုယ့်ကို နောက်ကောက်ချပြီး ကျော်တက်သွားမှာဖြစ်ပါတယ်။ အားနာတယ်ဆိုတာက အရှုံးပေးခြင်းတစ်မျိုးဖြစ်တဲ့အတွက် အားနာလိုက်လို့ ပျက်စီးသွားတဲ့အကျိုးစီးပွားတွေကို ဘယ်သူက အစားပြန်လျော်ပေးမှာလဲ။ အဲဒီတော့ စီးပွားရေးလုပ်မယ်ဆိုရင် ဘာကိုမှ အားမနာဘဲနဲ့ ရသင့်တဲ့အခွင့်အရေးကို အပြည့်အဝတောင်းဆိုတတ်ပါစေ။

၄။ ပညာရေး

ဝါသနာပါတဲ့တက္ကသိုလ်ကို တက်ချင်ပေမယ့်လည်း အချစ်ဆုံးသူငယ်ချင်းကို အားနာပြီးတော့ သူတက်တဲ့တက္ကသိုလ်ကို လိုက်တက်မိတာမျိုး။ အားနာတာက အပြစ်မဟုတ်ပေမယ့်လည်း သူငယ်ချင်းကောင်း ပီသချင်ရင်တော့ အားနာစိတ်ကို ဘေးဖယ်ကာ ပွင့်ပွင့်လင်းလင်းပြောဆိုတတ်ရမှာပဲ။ အဲဒီတော့ ပညာရေးမှာလည်း ကိုယ့်အနာဂတ်ကို ထိခိုက်စေမယ့် အပြုအမူမျိုးတွေဆို အားမနာဘဲနဲ့ ပြတ်ပြတ်သားသား ပြောဆိုနိုင်တဲ့ သားကောင်းသမီးမြတ်တွေ ဖြစ်နိုင်ပါစေ။

Photo Credit

ကျော်စိုးအောင် (အခရာ)

www.akhayarmedia.com

Share